<
 
 
 
 
>
You are viewing an archived web page, collected at the request of United Nations Educational, Scientific and Cultural Organization (UNESCO) using Archive-It. This page was captured on 02:18:46 Oct 07, 2022, and is part of the UNESCO collection. The information on this web page may be out of date. See All versions of this archived page.
Loading media information hide

မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာကို ကျင့်ဝတ်နှင့်အညီ အသုံးပြုမှု - လိုက်ခ် (Like) သို့မဟုတ် ရှဲယ် (Share) ကို မနှိပ်ခင် စဉ်းစားပါ။ ‌

မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာကို ကျင့်ဝတ်နှင့်အညီ အသုံးပြုမှု - လိုက်ခ် (Like) သို့မဟုတ် ရှဲယ် (Share) ကို မနှိပ်ခင် စဉ်းစားပါ။ ‌

မျက်မှောက်ခေတ်နည်းပညာသည် လူတိုင်းနီးပါးအား ဖြစ်ပေါ်နေသည့်ကိစ္စတစ်ရပ်ကို  တကယ့်အချိန်ကာလအတွင်း မှတ်တမ်းယူခွင့်ကို ရရှိစေသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ရက်စက်မှု ၊ အကြမ်းဖက်မှုများအား ကျူးလွန်သူများကိုယ်တိုင် တာဝန်ယူတာဝန်ခံမှုရှိစေရန်အတွက် မှတ်တမ်းတင်ထားရန်အလွန်အရေးကြီးပါသည်။ သို့ရာတွင် ကျွန်ုပ်တို့ဟာ ဆိုရှယ်မီဒီယာပေါ်တွင် ဂရပ်ဖစ်ရုပ်ပုံများအား လိုက်ခ် (သို့) ရှဲယ် ပြုလုပ်ခြင်းအားဖြင့် ဤရည်မှန်းများ ပြည့်မှီစေပြီလား ဟူသောမေးခွန်းတစ်ခုရှိလာပါသည်။ ၎င်းရုပ်ပုံများကို ဝေမျှရာတွင် ကျင့်ဝတ်ဆိုင်ရာထည့်သွင်းစဉ်စားရမည့်အချက်တွေက ဘာတွေလဲ။ ကျွန်ုပ်တို့တစ်ဉီးချင်စီ အနေနဲ့ ဓာတ်ပုံ (သို့) ဗီဒီယိုများထဲမှ ထိခိုက်ခံစားရသူများအား စာနာမှုနှင့် လေးစားမှုကို ဘယ်လိုဖော်ပြသင့်ပါသလဲ။

ဤမေးခွန်းများကိုဖြေဆိုရန်အတွက်ယူနက်စကိုမြန်မာစီမံကိန်းရုံးသည်ဤအချက်အလက်များနှင့်အကြံပြုချက်များကိုဖော်ပြပေးထားသည်။

အွန်လိုင်းပေါ်တွင် ကျင့်ဝတ်နှင့်ညီသော အပြုအမူများအတွက် ထည့်သွင်းစဉ်းစားရမည့်အချက်များ

၁။ လူမှုမီဒီယာပေါ်တွင် တစ်ပါးသူများက စိတ်သောကရောက်စရာ အဖြစ်အပျက်အား တွင်တွင်ကျယ်ကျယ် ဖြန့်ဝေနေသည်ကို မြင်တွေ့ရသည်မှာ ထိခိုက်ခံစားရသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အလွန်အမင်း စိတ်ပင်ပန်းကြီးစွာခံစားရခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းကို ဖြစ်စေသည့် အပြင် စိတ်ဒဏ်ရာကိုပါ ဖြစ်စေနိုင်ပါသည်။

၂။ လူတိုင်းတွင် ကိုယ်ရေးကိုယ်တာလုံခြုံခွင့်ရှိပြီး အဆိုပါအခွင့်အရေးကို အခြေအနေ အချိန်အခါ အားလုံးတွင် လေးစားသင့်သည်။

၃။ ဖန်သားပြင်နှင့် အွန်လိုင်းပေါ်တွင် အကြမ်းဖက်မှုများကို မြင်တွေ့ရခြင်းသည် ကလေးသူငယ်များနှင့် လူငယ်များအား အခြားသူများ၏ ထိခိုက်ခံစားရမှုများအပေါ် နားလည်နိုင်စေမှုကို လျော့နည်းစေသည့်အပြင် ကလေးသူငယ်များနှင့် အရွယ်ရောက်သူများ၏ ဒေါသနှင့် ရန်လိုမှုကို ပိုဖြစ်စေသည် ဟု လေ့လာချက်များက အတည်ပြုထားသည်။

၄။အကြမ်းဖက်မှုများ၊ အဓမ္မအနိုင်ကျင့်မှုများကိုမီဒီယာပေါ်တွင် တွေ့မြင်ရခြင်းသည် ‌ဒေါသဖြင့် စိတ်လိုက်မာန်ပါပြုမူခြင်းများကို လှုံဆော်နိုင်သဖြင့် ကလေးသူငယ်သည် ရန်လိုသောအပြုအမူများ လုပ်ဆောင်လာနိုင်သည်။ ပိုမိုအသက်ကြီးသောကလေးသူငယ်များတွင် သက်ရောက်မှုမှာ ပို၍နက်နဲပြီး မသိစိတ်အထိ စိမ့်ဝင်ပျံ့နှံ့နေတတ်သည်။ အရွယ်ရောက်ပြီး သူများအတွက်ပင် မကြာခဏမြင်တွေ့ရခြင်းက ၎င်းတို့ မြင်နေရသည့်အရာသည် ပုံမှန်အခြေအနေ ဖြစ်သည်ဟု ထင်မိစေသည်။

လိုက်ခ် (Like) သို့မဟုတ် ရှဲယ် (Share) ကို မနှိပ်ခင် စဉ်းစားပါ။ ‌

၁။ ကြပ်တည်းမှုအခြေအနေ၊ အကြောင်းအရာများကိုဖော်ပြသည့် လူမှုမီဒီယာ ပို့စ်များသည် လူများ၏ ဘဝကို အဆိုပါ ရှိနှင့်နေပြီးသော အန္တရာယ်ထက် ပိုကြီးသောအန္တရာယ်ကို ဖြစ်စေသည်။ အကြမ်းဖက်မှုများကို ပြင်းထန်စေခြင်း (သို့) အဆိုပါ အခြေအနေကို ဖြေရှင်းရန် အားထုတ်မှုများကို နှောင့်နှေးစေခြင်း (သို့) ပိတ်ဆို့ဟန့်တားခြင်းတို့ မဖြစ်စေရန် ဂရုပြုသင့်သည်။

၂။ ပို့စ်များက ထိခိုက်ခံစားရသူများ၏ မိသားစုများနှင့် ချစ်သူခင်သူတို့အား လွန်ကဲသော စိတ်တုန်လှုပ် စေမှု၊ နာကျင်စေမှုနှင့် စိတ်ဒဏ်ရာ ဖြစ်စေခြင်းကို ရှောင်ရှားသင့်သည်။

၃။ အဖြစ်ဆိုး (သို့) ပူဆွေးသောကများ ကြုံတွေ့ခံစားရသော သူများကို စာနာမှု ၊ လေးစားမှုတို့ဖြင့်အကင်းပါးပါး ဆက်ဆံသင့်ပြီး ၎င်းတို့၏ ပူဆွေးသောကများကို သီးသန့် ဖြေသိမ့်ခံစားနိုင်ရန် ခွင့်ပြုသင့်သည်။

၄။ အခြေအနေကို ရှင်းလင်းခြင်း၊ ပြီးပြတ်ခြင်း (သို့မဟုတ်) ဖြေရှင်းခြင်း မပြီးမချင်း ထိခိုက်ခံစားရသူ များ၏ အချက်အလက်များအား မကြေညာသင့်ပါ။ သို့မဟုတ် ၎င်းတို့၏ အမည်များကို ခိုင်လုံသော သတင်းရင်းမြစ်များက အတည်ပြုပြီးသောအခါမှသာ ကြေညာသင့်သည်။ သေဆုံးသူများ၏ အမည်များကို ၎င်းတို့၏ ဆွေမျိုးအား အသိပေးပြီးမှသာ ဖွင့်ပြောသင့်သည်။

၅။ ထိခိုက်ခံစားရသူများ၏ မျက်နှာ (သို့) အမည်စသည့် အချက်အလက်များကို ဖွင့်ပြောရာတွင် ၎င်းတို့ (သို့) ၎င်းတို့မိသားစုများ၏ ဘေးကင်းလုံခြုံမှုကို အန္တရာယ်မရှိစေရန် ဂရုတစိုက် နှင့် စောင့်ထိန်းသင့်သည်။

၆။ ထိခိုက်ခံစားရသူများ၏ ဓာတ်ပုံများ (အထူးသဖြင့် အကြမ်းဖက် ပြစ်မှုများ) တွင် ၎င်းတို့၏မျက်နှာများကို ဝါး‌အောင်ပြုလုပ်ထားခြင်းသည် ပိုမိုသင့်လျော်သည်။ ဓာတ်ပုံများသည် ဘုံလူမှုရေးကျင့်ဝတ် နှင့် ထိခိုက်ခံစားရသူများအပေါ် လေးစားမှုအား အခြေခံသင့်သည်။

၇။ ထိခိုက်ခံစားရသူများ၏ ဓာတ်ပုံများကို ဖော်ထုတ်ပြခြင်းအတွက် သင့်တင့်လျောက်ပတ်သော အကြောင်းအရင်း ရှိသင့်သည်။ အဆိုပါ ဓာတ်ပုံများကို တင်ခြင်းအတွက် အပြုသဘောဆောင်သော အကြောင်းအရင်းသည် ၎င်းတို့က ပေးနိုင်သည့်အနုတ်သဘောဆောင်သော သက်ရောက်မှု ဖြစ်နိုင်ချေများထက် သာလွန်နိုင်ပါသလား။

၈။ ကလေးသူငယ်များ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုနှင့် အချက်အလက်များကို အချိန်တိုင်း ကာကွယ်သင့်သည်။

၉။ တစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို လေးစားရမည်။

၁၀။ ရုပ်အလောင်းများကိုပင် လူ့ဂုဏ်သိက္ခာ၊ လေးစားမှုတို့ဖြင့် ကိုင်တွယ်သင့်သည်။

၁၁။ ဖမ်းဆီးခံရသူ (သို့) ထိန်းသိမ်းခံရသောသူများကို ရုပ်ပိုင်းဆိုင်ရာစော်ကားခြင်း၊ သို့မဟုတ် နှုတ်အားဖြင့် ၎င်းတို့အားရှုတ်ချခြင်း (သို့) အရှက်ရအောင်ပြောဆိုခြင်းများကိုဖော်ပြနေသည့် အရာများအား အမှတ်မထင်မျှဝေခြင်းများမလုပ်သင့်ပါ။

၁၂။ သတင်းယူခြင်း (သို့) ပို့စ်တင်ခြင်းတို့တွင် ပုံသေကားချပ်အယူအဆများ (ကျား-မရေးရာ၊ တိုင်းရင်းသားလူမျိုး၊ လူမျိုး၊ ဘာသာ စသဖြင့်) ကိုဆက်လက်တည်ရှိစေသည့် ဘာသာစကားများကို ရှောင်သင့်သည်။

File attachment